ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း 

စစ်တွေ    ဇူလိုင်  ၂၈

ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏(၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၃/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြေလွတ်၊ မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်၊ အသုံးခွင့်လျှောက်ထားလာသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာများသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများအရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္ထုထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အစိုးရကခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဗဟိုကော်မတီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်အညီ ခွင့်ပြုချထားပေးလျက်ရှိ ကြောင်း၊ ထိုကဲ့သို့ ချထားပေးမှုအပေါ်တွင် လုပ်ကိုင်ခွင့် ရရှိသူများအနေဖြင့် ခွင့်ပြုချက်ပေးထားသည့် လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ သို့မှသာ လုပ်ကိုင်ခွင့် ရရှိသူများအနေဖြင့်လည်း ထိုက်သင့်သည့် အကျိုးစီးပွား ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လည်း စိုက်ပျိုးရေးအပါအဝင် ဆောင်ရွက်မှုလုပ်ငန်းအမျိုးအစားအလိုက် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားမှုအား လုပ်ပိုင်ခွင့်ပေးနိုင်အောင် ဥပဒေ၊ နည်းဥပဒေများအရ ပြဋ္ဌာန်းပေးထားခြင်း ဖြစ်ကြောင်း၊ ယခုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိရေး လျှောက်ထားလာမှုနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး၊ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်မြေလွတ်၊ မြေလပ်၊ မြေရိုင်း များကို လုပ်ပိုင်ခွင့်လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ အဆုံးအဖြတ်ခံယူ ရန်တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည် ဆွေးနွေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ ရခိုင်ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေယာလျော်ကြေး၊ နစ်နာကြေးများ ပေးလျော်ရေးနှင့်  ပတ်သက်၍အဆုံးအဖြတ် ခံယူရန်တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ-ဝင်းမင်းစိုး