လွိုင်လင် ဇူလိုင် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ချိုခမ်းကျေးရွာမှ ကျေးလက်နေပြည်သူများအား အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်းတွင်ပြုလုပ်ပါသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့် က လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ လက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊ အမွှေးရည်စသည့် ပစ္စည်းများထုတ်လုပ်မှုကို လက်တွေ့အကြိမ်ကြိမ်ပြုလုပ်ပြီးခဲ့ပြီး ထုတ်လုပ်ရာတွင်ပါဝင်သော ဓာတုပစ္စည်းများအကြောင်း၊ နည်းပညာများအကြောင်း၊ Quality Control and Packaging များအကြောင်းကို သိရှိနားလည်သဘောပေါက်ပြီး သင်တန်းမှသင်ကြားပေးသည့် နည်းပညာများကိုအသုံးချပြီး မိမိတို့ဒေသမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများမှတစ်ဆင့် ကုန်ချောအဖြစ်သို့ ပြောင်းလဲထုတ်လုပ်ပါက ဒေသအတွက်အကျိုးရှိပြီး မိသားစုအပိုဝင်ငွေရရှိကြမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းအချောထည်ပစ္စည်းများ ပေးအပ်ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အဆိုပါ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်မှုသင်တန်းသို့ ဒေသခံသင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ၁၄ ရက်ကြာမြှင့်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး