မိုင်းယု ဇူလိုင် ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမြင့်တက်ကာ ချောင်းဘေးနေထိုင်သည့် နေအိမ်များသို့ ရေဝင်ရောက်မှု ယနေ့နံနက် ၆ နာရီက စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းဘေးနေထိုင်သည့် အိမ်ထောင်စု(၃၅)စုအနက်မှ ချောင်းရေလတ်တလော ဝင်ရောက်လာသည့် အိမ်ထောင်စု(၂၂)စုကို မိုင်းယောင်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍အမှတ် ၁၀၀၈ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအဖွဲ့များ၊ နယ်မြေခံစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းယုမီးသတ်တပ်ဖွဲ့ဝင်များစသည့် အဖွဲ့တို့မှပူးပေါင်း၍ နေအိမ်နှင့် ရေဆက်လက်ဝင်ရောက်နိုင်ရန် အလားအလာရှိသည့် နေအိမ်များရှိ လူနှင့်အရေးကြီးအသုံးအဆောင်ပစ္စည်းများကို ယာဉ်ကြီး/ယာဉ်ငယ်များဖြင့် အချိန်မှီပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနမ့်လွေချောင်းရေသည် မိုင်းယုမြို့၏ စိုးရိမ်ရေအမှတ်(၁၀)ပေ သတ်မှတ်ထားရှိရာ ဇူလိုင် ၂၈ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် (၈)ပေခန့်ထိ မြင့်တက်လာသည့်အတွက် ကမ်းနားနေအိမ်များမှ လူ၊ ပစ္စည်းများအားလုံးကို ရေဘေးလွတ်ရာနီးစပ်သည့် ဆွေမျိုးများအိမ်သို့ သယ်ဆောင်ပြောင်းရွှေ့ပေးခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းနှင့် မိုင်းယုမြို့တွင် ယခင်နှစ် ၂၀၂၄ ခုနှစ်ကလည်း အလားတူရေကြီးဖြစ်စဉ်ဖြစ်ပွားခဲ့၍ နီးစပ်ရာဆွေမျိုးများအိမ်၊ ရှမ်းဘုန်းကြီးကျောင်းသို့ ယာယီအခြေပြုနေထိုင်စေခဲ့ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ကိုကိုနိုင်