ကျိုင်းလပ် ဇူလိုင် ၂၈
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ နမ့်ခင်းအုပ်စု၊ ပန်ပဲကျေးရွာ၌ လယ်ယာမြေ ဥပဒေများအကြောင်းနှင့် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်း ၁ နာရီ မှ ၃နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျိုင်းလပ်မြို့ မြေစာရင်းဦးစီးမှူး ဦးမောင်မောင်တာက ကျေးရွာနေပြည်သူများအား လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေယာများလုပ်ကိုင်နိုင်စေရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများ၏ အခွင့်အရေးများ၊ လိုက်နာရမည့်စည်းကမ်းချက်များ၊ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့်အယူခံခြင်းစသည့် ဥပဒေ၊ နည်းဥပဒေပါ အချက်များနှင့် ပတ်သတ်၍ အများပြည်သူများ သိရှိစေရန် ဆွေးနွေးဟောပြောခဲ့ပြီး သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးမျိုးမင်းက သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်းရေးကိုလည်းကောင်း၊ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးကိုလည်းကောင်း၊ သစ်တောသစ်ပင်များမှ ပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ စားရေးရိက္ခာဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့ ဆောင်းပါးပါအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူ (၄၀)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာနေ ဒေသခံတောင်သူများမှ သိရှိလိုသည်များကို ပြန်လည် မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)