နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း နွေစပါးစံကွက်ရိတ်သိမ်းပွဲ တက်ရောက်၊ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကွင်းအမှတ် ၁၆၇၂၊ တောင်သူ ဦးဇော်လင်း၏ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည်   ဦးဇော်လင်း၏ လယ်ခုနှစ်ဧကအတွင်း အောင်နိုင်တိုးနွေစပါးကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအား‌ပေးသည်။

ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဝင်က တောင်သူများနှင့် တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်  နေပြည်တော်အတွင်းစားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရန်နှင့် သဘာဝ‌မြေဩဇာများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲစေလိုကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအား အမှိုက်များ ပိတ်ဆို့မှု မရှိစေရေး စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍နေပြည်တော်‌ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ကွင်းအမှတ် ၁၆၇၂၊ တောင်သူ ဦးဇော်လင်း၏ အောင်နိုင်တိုးနွေစပါး ချိန်တွယ်ခြင်းကို ကြည့်ရှုအားပေးရာ တစ်ဧကလျှင် အစိုအထွက်နှုန်း ၂၀၅ တင်း၊ အခြောက်အထွက်နှုန်း ၁၈၂ ဒသမ ၄၅တင်း ထွက်ရှိကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၂ ကွင်းရှိ ရေမြောင်းအား ရေစီးရေလာကောင်းမွန်စေရေးအတွက် စက်ယန္တရားဖြင့်ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်‌ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)