မြစ်ကြီးနား ဇူလိုင် ၂၈
၂၀၂၅ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားအကောင်းဆုံးဆုနှင့် အလယ်တန်းအကောင်းဆုံး ဆုများကိုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဂုဏ်ပြုညစာဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အသင်းအနေဖြင့် တံခွန်စိုက်ဆုကို ရယူရန်အတွက် နောက်ဆုံးဖိုင်နယ်အထိ ရေကုန်ရေခမ်း ကြိုးစားခဲ့ပြီး ဒုတိယဆုနှင့်အတူ အကောင်းဆုံးကစားသမားဆုများကိုပါ ဂုဏ်ယူစရာရယူပေးနိုင်ပါ ကြောင်း၊ အကောင်းဆုံးခြေစွမ်းဖြင့် အသင်းလိုက်စုစည်းမှု၊ စည်းကမ်းရှိမှုနှင့် ဇွဲလုံ့လကို ချီးကျူးပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အပြင် ပြည်နယ်သူ/ ပြည်နယ်သားများအားလုံးကလည်း ဂုဏ်ယူနေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကို စံနမူနာယူပြီး လာမည့်ပြိုင်ပွဲများတွင် တံခွန်စိုက် ဆုရရှိအောင် အားသာချက်/ အားနည်းချက်များကိုပြင်ဆင်ပြီး လာမည့်သက်တမ်းအလိုက် ပြိုင်ပွဲများအတွက်လည်း ကြိုတင်ပြင်ဆင်ပြီး ဒီထက်မက အောင်မြင်မှုများကိုရရှိအောင် ကြိုးစားကြရန်နှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး လိုအပ်သည့် ထောက်ပံ့မှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ဘောလုံးအသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများနှင့် ပြည်နယ်အစိုးရအဖွဲ့၏ အားပေးထောက်ပံ့ ဂုဏ်ပြုချီးမြှင့်မှုအပေါ် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအသင်းအတွက် ပြိုင်ပွဲတစ်လျှောက် ပွဲစဉ်အလိုက် သရေနှင့် အနိုင်ပွဲများအတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၆၀ ၊ အသင်းလိုက် ဒုတိဆုအတွက် သိန်း ၁၅၀ ၊ အကောင်းဆုံးရရှိသည့် ကစားသမား (၂)ဦးအတွက် ငွေကျပ်သိန်း ၂၀ ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်အသင်းအဖွဲ့များက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၁၀ တို့ဖြင့် စုစုပေါင်း ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃၄၀ ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ Malikha Music Band ၏ တေးသီချင်း သီဆိုဖျော်ဖြေမှု၊ တိုင်းရင်းသားရိုးရာ အကအလှများနှင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးရင်း ဂုဏ်ပြုညစာကို အတူတကွ ရင်းနှီးနွေးထွေး စွာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)