ရမည်းသင်း ဒီဇင်ဘာ ၁၇
ယနေ့နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာ အနီးတွင် 95 အမျိုးအစား လောင်စာဆီ သယ်ဆောင်မောင်းနှင်လာသည့် ဆီဘောက်ဆာ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မီးဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် နေ့လယ် ၁၂ နာရီခန့်မှစတင်၍ ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ် ယာဉ်သွားလာခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
အဆိုပါ ဆီဘောက်ဆာကားတိမ်းမှောက်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထိန်လင်း၊ အမှတ်(၉၇) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုရဲအုပ်တိုးတိုး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၆၀ ဦးခန့် မီးသတ်ယာဉ်(၇)စီးဖြင့် အခင်းဖြစ်ပွားရာပတ်ဝန်ကျင်ကို မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ရေဖြင့်ပက်ဖျန်းခြင်း၊ သဲယာဉ်များဖြင့် သဲပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ တိမ်းမှောက်သွားသည့် ဆီဘောက်ဆာကားအတွင်း ဓါတ်ဆီများကျန်ရှိနေရာ မီးပွင့်ထွက်ပေါ်နိုင်သည့် မီးဘေး အန္တရာယ်ရှိသဖြင့် ယာဉ်အသွားအလာ ခေတ္တရပ်တန့်ထားကြောင်းသိရသည်။ အဆိုပါ ယာဉ်မှ လောင်စာဆီများ သယ်ထုတ်နိုင်ရေး အမြန်စီစဉ် ဆောင်ရွက်လျက်ရှိပြီး လမ်းလွှဲစီစဉ်ပေးရန် အဆင်မပြေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ ရန်ကုန်မှ မန္တလေးသို့ သွားလာမည် ယာဉ်(၂၀၀)စီးခန့်နှင့် မန္တလေးမှရန်ကုန်သို့ သွားလာမည့်ယာဉ် (၁၅၀)စီးခန့် ရပ်တန့် စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်