ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၇
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “ဒီရေတောများ သားစဉ်မြေးဆက်ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာမြှင့်တင်ပေး”ဆိုသည်နှင့်အညီ ဒီရေတောဂေဟစနစ်များ ပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထုက ပိုမိုအလေးထား ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သစ်တောဦးစီးဌာနကကြီးမှူး၍ “၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ် ထိန်းသိမ်းရေးနေ့”အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပဲခူးမြစ်လမ်း၊ ကုလားဝဲတံတားအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က စိုက်ပျိုးမည့်ပျိုးပင်များအား ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၁၁၀)ဦးတို့ဖြင့် စိုက်ပျိုးမည့်နေရာတွင် မာလာလူးကား(၃၀၀)ပင်နှင့် မအူ(၃၀၀)ပင်၊ စုစုပေါင်းသစ်မျိုး(၂)မျိုး၊ ပျိုးပင်ပေါင်း(၆၀၀)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သစ်ပင်စိုက်ပျိုးမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)