တောင်ကြီး ဇူလိုင် ၂၇
တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားကဏ္ဍသည်ဒွန်တွဲနေပြီး အားကစားမှသည် စိတ်ဓါတ်ခိုင်မာမှု၊ စည်းကမ်းရှိမှုနှင့် အချင်းချင်းချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ရည်မှန်း၍ ယမန်နေ့မွန်းလွဲ (၃) နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစား လေ့ကျင့်ရုံ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပခဲ့သည်။
ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားကွင်းအတွင်း၌ နေရာယူခဲ့ပြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီးအား စစ်ကြောင်းမှူးမှဦးဆောင်၍ အလေးပြုတန်းအပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကားပြောကြားရာ တောင်ကြီးတက္ကသိုလ်အနေဖြင့် ဖူဆယ်အားကစားပြိုင်ပွဲကို ပထမအကြိမ်ဆုံးကျင်းပခြင်းဖြစ်ပြီး အထူးပြုဘာသာရပ် ကိုယ်စားပြုအသင်း (၁၂) သင်းဝင်ရောက် ယှဥ်ပြိုင်နိုင်တာကိုတွေ့ရသည့်အတွက်ကျေနပ်ပီတိဖြစ်ရပါကြောင်း၊အားကစားကဏ္ဍတိုးတက်ဖွံ့ဖြိုးမှသာ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းကမ်းရှိမှုနှင့်ချစ်ကြည်ရင်းနှီးမှုစသည့် လူမှုပတ်ဝန်း ကျင်ကို အထောက်အပံ့ပေးနိုင်မည့် အခြေခံစိတ်ဓာတ်ကောင်းများကို ရရှိစေမှာဖြစ်ပါကြောင်း၊ ယခုလို အထူးပြုဘာသာ ရပ်အလိုက် ဖူဆယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်သည် ကျောင်းသားလူငယ်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ အများနှင့်စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေ ရန်၊ဖူဆယ်အားကစားနည်းအပေါ်မျိုးဆက်သစ်လူငယ်များပိုမို စိတ်ဝင်စားလာစေရန်၊တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖူဆယ်အားကစားနည်းများပြန့်ပွားလာစေရန်၊ မြန်မာ့ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ ယခုပြိုင်ပွဲကနေတက္ကသိုလ်လက်ရွေးစင်များ၊တက္ကသိုလ်ပေါင်းစုံ လက်ရွေးစင်များ၊ ထိုမှတဆင့် ပြည်နယ်လက်ရွေးစင်များ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာစေရန်စသည့် ရည်ရွယ်ချက်များနှင့်ကျင်းပရခြင်းဖြစ် ပါကြောင်းပြောကြားသည်။
ထို့နောက် ဖူဆယ်ပြိုင်ပွဲဝင် အားကစားအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ ညွန့်ပေါင်းအသင်းနှင့် သင်္ချာအသင်းတို့ ယှဥ်ပြိုင် ကစားကြရာ သင်္ချာအသင်းက ခြောက်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသွားကြောင်းသိရပြီး ပြိုင်ပွဲယှဥ်ပြိုင်နေမှုကိုပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ အားကစားဝါသနာရှင်များမှကြည့်ရှုအားပေးကြသည်။
အဆိုပါ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၂)သင်း ပါဝင်ယှဥ်ပြိုင်ကြပြီးပြိုင်ပွဲကို ဇူလိုင်လ (၂၆) ရက်မှ (၃၁) ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)