တောင်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအသိပညာပေး အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ  ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးအခမ်းအနားကို ဇူလိုင်လ(၂၅)ရက်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်မော်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်နှင်းအေးမှ ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထို့နောက် Miss Earth 2025 ပြိုင်ပွဲဝင် အလှမယ်(၁၇)ဦးမှ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းနှင့်ပတ်သတ်သည့် မေးခွန်းများမေးမြန်းပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး  ‌ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး  ဦးသိန်းတိုးအောင်နှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဦးနေလင်းတို့မှ အမှိုက်အမျိုးအစား(၄)မျိုးခွဲခြား စွန့်ပစ်ခြင်းအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကာ အဆိုပါကျောင်းအတွက် စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး လက်စွဲစာစောင်နှင့် အမှိုက်အိတ်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေမှ ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်းထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်    စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ညွှန်ကြားရေးမှူးများဖြစ်ကြသော  ဒေါက်တာ အောင်မြင့်မော်နှင့် ဒေါက်တာ ခင်နှင်းအေး၊ ဒုတိယညွှန်ကြားရေးမှူး ‌ဒေါ်နန်းတင်ယုဆွေနှင့် သက်ဆိုင်ရာ ခရိုင် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ အဖွဲ့ဝင်(၂)ဗိုလ်မှူး ဇော်နိုင်၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦး၊ ကျောင်းအုပ်ဆရာကြီး ဦးဦးကျော်မင်း၊ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ Miss Earth 2025 ပြိုင်ပွဲဝင် အလှမယ်များ၊ ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၃၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ပြန်/ဆက်)