ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate ) ဆေးခတ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၅)၊ အမှတ်(၁၅၆)ရပ်ကွက်တို့ရှိ အခြေခံပညာကျောင်းနှင့် နေအိမ်များတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ပြီးခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရေသိုလှောင်ကန်များ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်း ၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများနှင့် အသိပညာပေးခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်တာဝန်ခံ ဦးချမ်းလင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်းကြည်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 အေးမဉ္ဇူ(ပြန်/ဆက်)