မိတ္ထီလာမြို့နယ် ကျောင်းရာကန်ကျေးရွာ၌ စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကြည့်ရှုအားပေးပြီး အထွက်နှုန်းကောင်းမွန်ရေးမှာကြား

မိတ္ထီလာ ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ စီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ အထွက်နှုန်းအထူးကောင်းမွန်ရေးတို့ဦးတည်၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးအောင်ပြည်စိုးသည် ဌာနတာဝန်ရှိသူများ ၊ အသင်း တာဝန်ရှိသူများနှင့်အတူ မိတ္ထီလာမြို့နယ်လိန်တောကျေးရွာအုပ်စု ကျောင်းရာကန်ကျေးရွာ တက်သစ်စစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယအသင်းသား တောင်သူဦးမောင်နီ၏ မိုးဝါစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် မျိုးကို အထွက်နှုန်းကောင်းမျိုးစိုက်မှသာလျှင် သီးနှံအထွက်တိုးမည်ဖြစ်၍ မျိုးပြောင်းလဲစိုက်ပျိုးမှုမှစ၍ သွင်းအားစုများ သုံးစွဲမှုနည်းစနစ် မှန်ကန်စေရေး ၊ အချိန်ကိုက် အချိုးကျထည့်သွင်းနိုင်ရေး၊ အစာအာဟာရများ သတ်မှတ်အချိုးအစားအတိုင်းထည့်သွင်းနိုင်ရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး စနစ်တကျဂရုစိုက်ခြင်းဖြင့် ရာသီကုန်တွင် အထွက်နှုန်းကောင်းမွန်မည်ဖြစ်သဖြင့် အထူးဂရုစိုက် ဆောင်ရွက်ကြရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

ချမ်းသာ(ပြန်/ဆက်)