လှိုင် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးကအဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ် စာရေးဆရာအသင်းနာယက ဦးမင်းဆက်ပိုင်က “ကိုယ်ပိုင်အမှတ်တံဆိပ်ရှိဖို့လိုတယ်”ခေါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောခဲ့သည်။ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ရွှေက ကျေးဇူးတင်စကား ပြောကြားပြီး လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးညိုထွန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ရွှေတို့က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး Grade-11 ကျောင်းသူ မလင်းလက်ဖြူက လူငယ်နှင့်စာပေ၊ Grade-11 ကျောင်းသား မောင်ပြည့်ဖြိုးကျော်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 ကျောင်းသားမောင်ရဲသူကျော် လူငယ်နှင့်ယဉ်ကျေးမှု၊ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြသည်။
ထို့နောက် လူငယ်စကားဝိုင်းတွင်ဝင်ရောက်ဆွေးနွေးပေးကြသော ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ ဆုလက်ဆောင်များပေးအပ်ခဲ့ပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)