တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေး

တာမွေ  ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(တာမွေဘဏ်ခွဲ)၌ ယမန်နေ့န့နက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက အဆိုပါဘဏ်ခွဲ၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေးနေမှု အခြေအနေများအား သင်္ဃန်းကျွန်းခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းနှင့် မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့မှ အနီးကပ်ကြီးကြပ်ခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ  မြန်မာ့စီးပွားရေးဘဏ် (တာမွေဘဏ်ခွဲ)၌ ပင်စင်လစာ ထုတ်ယူလျက်ရှိသော အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား UID (Unique Identification)နံပါတ်များ ထုတ်ပေးခြင်းကို ၂၀၂၅-ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၂၂၈)ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် လိမ်လည်ထုတ်ယူခြင်းမှ ကင်းဝေးစေရန်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်လည်း လူ ပုဂ္ဂိုလ် မှန်ကန်မှု ရှိ/မရှိ စိစစ်နိုင်စေရန်နှင့် Centralized e-Pension စနစ်နှင့် e-ID စနစ်တို့ ချိတ် ဆက်ဆောင်ရွက်နိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  အငြိမ်းစားနိုင်ငံ့ဝန်ထမ်း မိဘပြည်သူများအနေဖြင့် UID နံပါတ် လျှောက်ထားရယူရာတွင် အဆင်မပြေမှုများရှိပါက သက်ဆိုင်ရာမြို့နယ်ရုံးများတွင် အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် e-ID Facebook စာမျက်နှာတွင်လည်း လိုအပ်သည့်အကူအညီများ ဆက်သွယ်တောင်းခံနိုင်ပါကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)