စစ်တွေ ဇူလိုင် ၂၆
ရခိုင်ပြည်နယ် ၂၀၂၅ ခုနှစ်၊ မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘုမေရပ်ကွက် ရွာဂေါင်းရွာသစ် မူလွန်ကျောင်းဝင်းအတွင်း၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ရေ၊ မြေ၊ တောတောင်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေးတိုအတွက် ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိ လူသားများအပါအဝင် သက်ရှိများ အသက်ရှင်သန်ရေးအတွက် လိုအပ်သည့်အောက်စီဂျင်ကို ထုတ်လွှတ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များကို လေထုအတွင်းမှ စုပ်ယူဖယ်ရှားပေးပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးစသည့် ဂေဟစနစ် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ်ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်ပင်သစ်တောများကို စိုက်ပျိုး ထိန်းသိမ်းခြင်းဖြင့် ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်မျှတသာယာစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍ အသီးသီးအတွက် ကုန်ကြမ်းပစ္စည်းများ၊သွင်းအားစုများနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရာသော ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ဖြေရှင်းရန်နည်းလမ်းအမျိုးမျိုး ရှိသည့်အနက် သစ်တောသစ်ပင်များစိုက်ပျိုး ထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ သဘာဝနှင့် လိုက်လျောညီထွေအဖြစ်ဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိသော သစ်တောဧရိယာ ဟက်တာသန်းပေါင်းများစွာသည် မြေဆီလွှာ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲထိန်းသိမ်းခြင်း၊ ရေခဲတောင်ပြိုကျမှုမှ တားဆီးကာကွယ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု ကာကွယ်တားဆီးခြင်းနှင့် ကမ်းရိုးတန်းဒေသများတွင် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်တားဆီးပေးလျက်ရှိကြောင်း၊ ထို့ကြောင့် တည်ရှိပြီးသဘာဝတော များကိုမပျက်စီးစေရေး ထိန်းသိမ်းရန်လိုအပ်သကဲ့သို့ သစ်တော ဖုံးလွှမ်းမှုမရှိသော မြို့ပြဧရိယာ နေရာများကိုလည်း သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် တစ်အုပ် တစ်မသစ်တောများ အဖြစ်ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း စနစ်တကျ ပြုစုပျိုးထောင်ခြင်း၊ ထိန်းသိမ်း ခြင်းများဆောင်ရွက်ပေးမှသာလျှင် ရာနှုန်းပြည့်ရှင်သန် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု လျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေးအတွက် သစ်တောများတည်ထောင်ရေးလုပ်ငန်းများကို အမျိုးသားတာဝန် တစ်ရပ် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တိုင်းရင်းသားပြည်သူ များ၊ မျိုးဆက်သစ်လူငယ်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့်အသင်းအဖွဲ့များအား စိုက်ပျိုးမည့် ပျိုးပင်များ ကိုပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အင်ကြင်း၊ ပိတောက်၊ ခရေ၊ ပျဉ်းမနှင့် ပျဉ်းကတိုး ပင်များကို စိုက်ပျိုးကြသည်။
ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ စစ်တွေမြို့၌ မိုးရာသီ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ ခရေ၊ ပျဉ်းမ၊ ပျဉ်းကတိုး၊ မဟော်ဂနီနှင့်သင်းဝင်စသည့် သစ်ပင်ပေါင်း ၁၀၀၀ ကျော်ကိုစိုက်ပျိုး ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ခေါင်းဒုက္ကာ(၂)IDP စခန်း တွင် သစ်တိုင်၊ ထရံကာ၊ သွပ်မိုးဖြင့် အလျား (၄၈) ပေ၊ အနံ(၃၀) ပေ အဆောက်အဦ (၄၀)လုံး ဆောက်လုပ်ခြင်းနှင့် ရေတုံကင် ၂၄ လုံးတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခေါင်းဒုက္ကာ(၂)IDP စခန်း ပြန်လည် တည်ဆောက်နေမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးတာဝန်ခံက လိုက်လံ ရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်းဒုက္ကာ(၂)IDP စခန်းတွင် နေထိုင်ကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ကန်တော်ကြီးကွင်းရှိ လယ်ယာမြေတွင် မိုးစပါးစံပြကွက်စိုက်ပျိုးနိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးကြရာစစ်တွေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြေပြုပြင်ပြီး မိုးစပါးနှင့် ဆောင်းသီးနှံအပါအဝင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်ရေးတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)