မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ ပြည်နယ်အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ချောင်းဆုံ ဇူလိုင် ၂၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ် ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အထူးကုဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုအစီအစဉ်ကို ယနေ့တွင် ကွမ်ရိုက်ကျေးရွာ ဆံတော်ရှင်ကျိုက်တမော့လဲ့စေတီဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆံတော်ရှင်ကျိုက်တမော့လဲ့စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုကန်တော့ခဲ့ကြပြီးနောက် အထူးကုဆရာဝန်ကြီးများ၏ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ပြန်လည်ပေးအပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုကြည့်ရှုကာ အထူးကုဆရာဝန်ကြီးများအား အထောက်အကူပြုပစ္စည်းများပေးအပ်ခဲ့ပြီး ဆေးကုသမှုခံယူနေကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခြင်းနှင့် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ကို မွန်ပြည်နယ်ကုသရေးဦးစီးဌာန ပြည်နယ်မှူးဒေါက်တာ မြင့်မိုရ်စိုးဦးဆောင်၍ အထူးကုဆရာဝန်ကြီးများမှ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုးအဆစ်နှင့် ပြန်လည်သန်စွမ်းရေး၊ အာထရာဆောင်း၊ ခွဲစိတ်အထူးကုနှင့် အသည်းအထူးကု ကုသခြင်း စသည့်တို့ကို (အခမဲ့) ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)