မော်လမြိုင် ဇူလိုင် ၂၆
မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏လမ်းညွှန်မှာကြားချက်ဖြင့် မော်လမြိုင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(၆) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပြုကာကွယ်လိုက်နာရမည့်အချက်များ၊ အလားတူ ငလျင်ဘေးအန္တရာယ်ပြင်းအားများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားတတ်၍ ကြိုတင်သတိပြုလိုက်နာရမည့်အချက်များ၊ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ရှောင်ရန်/ဆောင်ရန်အချက်များ၊ ငလျင်လှုပ်ခတ်နေစဥ် ကာလ/ ငလျင်လှုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့်အချက်များ၊ အရေးပေါ်လိုအပ်မည့်ပစ္စည်းများနှင့် ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်ဗီနိုင်းပိုစတာပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)