ခရမ်း ဇူလိုင် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)သည် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်ကံကောင်းတို့သည် ခရမ်းမြို့ အမှတ်(၂)ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြီးကြပ်အားပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)