တိုက်ကြီးမြို့နယ်တွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က တိုက်ကြီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူအောင်က ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေး အသေးစားကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားလာစေပြီး နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဦးတည်ချက်များကို အောင်မြင်စေရး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု စေမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက မိသားစုဝင်ငွေတိုးရေးစီမံကိန်း ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီး သင်တန်းထုတ်ကုန်ပစ္စည်းများအား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)