ဒဂုံဆိပ်ကမ်း ဇူလိုင်၂၆
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက “စာပေအမွေ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အမှာစကားပြောကြားခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်လှိုင် ကမုဒိတာစကားပြောကြားခဲ့ပြီး အမှတ်(၁၆၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က မုဒိတာစကားပြောကြားခဲ့သည်။ ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲ(၆)မျိုးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က လစဉ်ဆောင်ရွက်သွားမည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားကာ အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်ဘုတ်များနှင့် ကာယစွမ်းရည်ပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)