မင်္ဂလာဒုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး လူငယ်စကားဝိုင်းကျင်းပ

မင်္ဂလာဒုံ ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်များကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ထောက်ကြန့်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က လူငယ်စကားဝိုင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန်၊ လူငယ်များ ၏အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်‌စေရန် ကျောင်းသား၊ ကျောင်းသူများအား အခြေပြုပြီး အသိပညာတိုးပွားလာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်စကားဝိုင်း ဟူသည် လူငယ်လူရွယ်များအကြား အချင်းချင်း၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခွင့်များ ရရှိလာစေရန်၊ မိမိပတ်ဝန်းကျင် အကြောင်းအရာများကို ညှိနှိုင်းဆွေး‌နွေး အဖြေရှာတတ်လာစေရန်ပင်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ပြီး Grade 11 ကျောင်းသား မောင်ဟိန်းသူရ‌ဇော်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade 10 ကျောင်းသူ မမေသူရိန်လွင်က လူငယ်နှင့်စာရိတ္တ၊ Grade 10 ကျောင်းသား မောင်ခန့်ဖြိုးသူက လူငယ်နှင့်အနာဂတ်၊ Grade 10 ကျောင်းသူ မဝါဝါထွန်းက လူငယ်နှင့်ကျန်းမာ‌ရေး၊ Grade 10 ကျောင်းသူ မခင်ဇာလီမော်က လူငယ်နှင့်ပညာရေး စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးပွဲတွင် ပါဝင်သူများနှင့် တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။

ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်‌အေးမြတ်မွန်က ကျေး‌ဇူးတင်စကား ပြောကြားပြီး စုပေါင်းမှတ်တမ်းရိုက်ကူးခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။

မင်းသိန်းထွန်း