နေပြည်တော် ဇူလိုင် ၂၆
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် မြင့်စိုးက အမှာစကားပြောကြားရာတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းဟူသည့် မွန်မြတ်သော အစဉ်အလာသည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကပင် အရာဌာနအားလျော်စွာ ထူးချွန်ထက်မြက်သည့် ဘိက္ခု၊ ဘိက္ခုနီနှင့် လူပုဂ္ဂိုလ်များကို “ဧတဒဂ်”ဘွဲ့ထူးများ ချီးမြှင့်ပေးတော်မူခဲ့ပြီး ထိုမွန်မြတ်သော အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် မြန်မာနိုင်ငံတွင် ရှေးဘုရင်များ လက်ထက်ကတည်းက ယနေ့အချိန်ထိ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များကို ဂုဏ်အင်္ဂါအရည်အချင်းများ သတ်မှတ်ရေးဆွဲပြဋ္ဌာန်း၍ ခေတ်အဆက်ဆက် ဆက်ကပ်ချီးမြှင့်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဂန္ထဓုရ ပရိယတ္တိဝန်ဆောင် ဆရာတော်ကြီးများ၊ ဝိပဿနာဓုရ ပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်ကြီးများ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်း၊ ပြည်ပသာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်းနေကြသည့် ပုဂ္ဂိုလ်မျာအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း အပ်နင်းနိုင်ရေးအတွက် နေပြည်တော်ကောင်စီက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာ ဘွဲ့တံဆိပ်အဆိုပြု လျှောက်ထားလာသော ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ လူပုဂ္ဂိုလ်များ၏ ဘွဲ့တံဆိပ်အဆိုပြုလွှာများကို “သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ပြဋ္ဌာန်းချက်များ၊ ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ စိစစ်ရွေးချယ်နိုင်ရေး၊ ဝိနိစ္ဆယမှုခင်းကင်းရှင်း၍ အထောက်အထားပြည့်စုံသည့် ဘွဲ့တံဆိပ် အဆိုပြုလွှာများကိုသာ ရွေးချယ်နိုင်ရေး အဂတိတရားလေးပါး ကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန် ရွေးချယ်တင်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ ဆရာတော်ကြီး ၉၉ ပါး၊ သီလရှင် ဆရာကြီး ၄ ပါး၊ သာသနာနုဂ္ဂဟလူပုဂ္ဂိုလ် ၆ ဦး၊ စုစုပေါင်း ၁ဝ၉ ပါး/ ဦးတို့က အဆိုပြု လျှောက်ထားရာ အဆိုပါ ပုဂ္ဂိုလ်များအား ဂုဏ်အင်္ဂါအရည်အချင်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးက သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းအစီအမံများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေး တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)