မိုင်းဆတ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ် ၁ က အဆိုပါကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒေါ်မျိုးမျိုးသွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်၊ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်း၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင် ဒေါ်အိအိခိုင်တို့က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က Grade 11 ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်motivate၊ လူငယ်နှင့်ရည်မှန်းချက်ပန်းတိုင်၊ လူငယ်နှင့်စိတ်ဓာတ်ရေးရာ၊ လူငယ်နှင့်ငယ်ရွယ်မှု တန်ဖိုးခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များကို ချီးမြှင့်ကြပြီး အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများမှတ်တမ်းတင် ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထက်ထက်(မိုင်းဆတ်)