နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၂၆

နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင်  အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီက ချမှတ်ထားသည့် Quick Win အစီအမံ (၅) ရပ်ကို စဉ်ဆက်မပြက်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး ဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ် အသုံးပြု သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် အရေးယူမှုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မော်တော်ဆိုင်ကယ်ကြောင့် ဖြစ်ပွားသည့် ယာဉ်တိုက် ခိုက်မှုများကို လျှော့ချသွားနိုင်မည်ဆိုပါက နေပြည်တော်၏ ယာဉ်တိုက်ခိုက်မှု ကိန်းဂဏန်းများ တဖြည်းဖြည်းကျဆင်းသွားမှာဖြစ်ကြောင်း၊ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ပညာပေးခြင်း၊ စစ်ဆေးခြင်း၊ အရေးယူခြင်းတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွား ခြင်းဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊  မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် လမ်းများတွင်  လမ်းညွှန်းများ၊ လမ်းအမှတ် အသားများနှင့် အချက်ပြ သင်္ကေတများ ပြည့်စုံမှန်ကန်စွာ ထားရှိရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းပပျောက်သွားစေရေး ဌာနဆိုင်ရာများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်နေမှုအခြေအနေများ၊ Quick Win အစီအမံ(၅)ရပ် ဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ဒက္ခိဏ)