ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် လုံဟေးကျေးရွာတွင် ဖွင့်လှစ်သည့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုသင်တန်းဖွင့်ပွဲသို့ တက်ရောက်

ဟိုပုံး ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးအတွက် ဝါးအခြေခံလက်မှုထည်နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများသည် လုံးဟေးကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင်  ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွက်လာစေရေးအတွက် နည်းပညာသင်ကြားပေးခြင်း၊ လုပ်ငန်းစတင်လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သောဖွံ့ဖြိုးရေးသုံးစက်ပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းနှင့် မှတ်ပုံတင်ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးငွေနှင့် ဈေးကွက်ရှာဖွေပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ယခုဖွင့်လှစ်သည့် ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို မြန်မာ့ရိုးရာလက်မှုပညာရပ်များ မတိမ်ကောမပပျောက်စေရေး၊ ဝါးလက်မှုထည်ထုတ်ကုန် အမယ်သစ်များပေါ်ထွန်းလာစေရေး၊ အသေးစားဝါးလက်မှုလုပ်ငန်းများ ပေါ်ထွက်လာစေရေးအတွက် သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ ထိုသင်တန်းတွင် အခြေခံဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ရက်ပေါင်း (၂၀)နှင့် မွမ်းမံသင်တန်း (၁၀) ရက် သင်ကြားပို့ချသွားမှဖြစ်ပါကြောင်း၊ သင်တန်းမှာ သင်ကြားပို့ချပေးမည့် ဘာသာရပ်များမှာ ဝါးကုန်ကြမ်းရွေးချယ်ခြင်း၊ ဝါးတာရှည်ခံနည်းလမ်းများ၊ အနုစိတ်နှီးဖြာခြင်း၊ အချောသပ်ခြင်း၊ နှီးဗန်းများအား ဆေးရောင်ဆိုးခြင်း၊ ပရိဘောဂများပြုလုပ်ခြင်း (ဝါးကုတင်၊ ဝါးထိုင်ခုံ၊ ဝါးပန်းကန်စင်၊ ဝါးဘီရို)၊ Tissue Box ပြုလုပ်ခြင်း၊ နာရီပြုလုပ်ခြင်း၊ လင်ဗန်းပြုလုပ်ခြင်း၊ မီးအိမ်ပြုလုပ်ခြင်း၊ သစ်သီးခြင်းပြုလုပ်ခြင်းတွေကို သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းကာလတစ်ခုလုံးအတွင်းမှာ သင်ကြားပေးလိုက်သည့် ဘာသာရပ်များအပြင် ဆန်းသစ်တီထွင်ခြင်း၊ လေ့လာစူးစမ်းခြင်း၊ သုတေသနပြုလုပ်ခြင်းများကိုပါ တစ်ပါတည်းပြုလုပ်သွားကြရန်၊ သင်ကြားပေးသည့် အခြေခံကောင်းများပေါ်မူတည်ပြီး ကိုယ်တိုင်ထိုးထွင်းကြံဆတီထွင်စေလိုကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ဆရာများ၏ သင်ကြားပို့ချမှုများကို လက်တွေ့နယ်ပယ်မှာ အမှန်တကယ် အသုံးချနိုင်သည်အထိ သင်ယူလေ့လာကြရန်၊ တတ်မြောက်သည့် ပညာရပ်နှင့် လုပ်ငန်းထူထောင်ကြရန် ပြောကြားသည်။ ယင်းနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါမြင့်က သင်တန်းနှင့်ပတ်သက်သည်များ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်နှင့် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါမြင့်တို့က သင်တန်းနည်းပညာဆရာအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် သင်တန်းသား/သူများအား သင်တန်းသုံးသင် ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့ကြပြီး တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများက သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ (၁၃) ရက်နေ့အထိ၊ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာ(မွမ်းမံ)သင်တန်းကို ဩဂုတ်လ (၂၁)ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ ရက်ပေါင်း (၃၀)ရက်ကြာ  သင်တန်းသား/သူ (၁၄)ဦးဖြင့် စာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)