နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများသို့ ပြေးဆွဲမည့် မြို့တွင်းတော်ဝင် အမှတ် (၅) ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၂၆

ဝန်ကြီးဌာန၊ ဝန်ထမ်းအိမ်ရာများသို့ ပြေးဆွဲမည့် မြို့တွင်းတော်ဝင် အမှတ် (၅) ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိအဝေးပြေးယာဉ်ရပ်နားစခန်းရှိ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီရုံး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ တော်ဝင်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး Public Transportation ပြေးဆွဲနိုင်ရေးအတွက် ဇမ္ဗူသီရိမြို့၊ လယ်ဝေးမြို့နှင့် သိုက်ချောင်းလမ်းဆုံများမှ နေပြည်တော်မြို့တွင်း၊ မာရဝိဇယဘုရားနှင့် တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများ၊ အများပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် တော်ဝင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ City Bus များနှင့် လမ်းကြောင်း (၄) ကြောင်း ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများမှာ နေထိုင်သူများ ယာယီနေထိုင်လျက်ရှိသည့် Container House ထားရှိရာနေရာများမှ  မြို့မဈေး၊ သပြေကုန်းဈေးနှင့် နေပြည်တော်မြို့တွင်းသို့ သွားလာရ အဆင်ပြေစေရေးအတွက် လမ်းကြောင်းသစ်တစ်ခုကို တိုးချဲ့ပြေးဆွဲပေးမှာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ကိုအခြေခံသည့် အများပြည်သူ ပို့ဆောင်ရေး Pilot Project အနေဖြင့် မြို့တွင်းခရီးတို လျှပ်စစ်ဘတ်စ်ကားလိုင်းပြေးဆွဲခြင်း လုပ်ငန်းကိုလည်း လျှပ်စစ် ဘတ်စ်ကားများ တင်သွင်းပြီး အဆိုပါ လမ်းကြောင်းများမှာ ဆက်လက် ပြေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု အဆင်ပြေ ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိ‌ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူနေမှုအဆင့်အတန်းကို သိရှိနိုင်ရန်အတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ခေတ်မီ စနစ်ကျစွာ လည်ပတ်နေသည်ကို ကြည့်လျှင် သိရှိနိုင်‌ပါ‌ကြောင်း၊ အများပြည်သူ ဘေးကင်းလုံခြုံ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်၊ အိန္ဒြေရရ စီးနင်းနိုင်ရန်အတွက် ယာဉ်မောင်းများအနေဖြင့် အန္တရာယ်ကင်းကင်းမောင်းနှင်နိုင်ရန်နှင့် မြို့တော်သူ/မြို့တော်သားများအနေဖြင့် ကောင်းမွန်သည့် သယ်ယူပို့ဆောင် ရေးစနစ်တစ်ခု ပိုင်ဆိုင်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းထိန်းသိမ်းကြရန်လို‌ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တော်ဝင် ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ယာဉ်လိုင်းပြေးဆွဲဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူမျာက ယာဉ်လိုင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အသစ်ပြေးဆွဲမည့် တော်ဝင်‌ မော်တော်ယာဉ်လိုင်းတွင် လိုက်ပါစီးနင်းသည့် ခရီးသွားပြည်သူများအား လိုက်လံနှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အမှတ်(၅) တော်ဝင်ယာဉ်လိုင်းသည် ဘောဂသီရိကားကွင်း - နှင်းဆီပန်းအဝိုင်း - ပန်းခင်းလမ်းဆုံ - တိုင်းစစ်ဌာနချုပ်လမ်းဆုံ - ရွာတော် မင်္ဂလာလမ်းဆုံ - Ocean Center - Mount Pleasant အဝိုင်း - အလုပ်သမားရုံး - သစ်တောရုံး - ရုံးအမှတ်(၃၂) - ရုံးအမှတ် (၁၄) - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး - စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံး- မြို့တော်ဂေါက်ကွင်း - နန်ချွန် - ဝဏ္ဏသိဒ္ဓိရပ်ကွက် - သုခတော်ဝင်အိမ်ရာ - မြို့မဈေး လမ်းကြောင်းအတိုင်း တစ်နေ့လျှင် နံနက် ၈ နာရီ တစ်ကြိမ်၊ နေလည် ၁၂ နာရီတစ်ကြိမ် မော်တော်ယာဉ်နှစ်စီးဖြင့် (အသွား/အပြန်) ပြေးဆွဲ‌ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)