လယ်ဝေး ဇူလိုင် ၂၆
ပြည်ထောင်စုနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုကို နေပြည်တော်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ကျွမ်းကျင်ပညာရှင်များ ဆေးကုသပေးမှုကို လိုက်လံအားပေး၍ ဆေးကုသမှုခံယူသော ဒေသခံပြည်သူများအား အဟာရအစားအစာများနှင့် ဆေးရည်စိမ်ခြင်ထောင်များပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများကို ဂုဏ်ပြုသစ်သီးခြင်းများပေးအပ်ခဲ့သည်။
ယနေ့ အထူးကုကွင်းဆင်းအဖွဲ့တွင် အထူးကုဆရာဝန်ကြီး (၆)ဦး၊ လက်ထောက်ဆရာဝန် (၅) ဦး၊ သူနာပြု (၇) ဦးနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သော စုစုပေါင်း (၃၈) ဦးဖြင့် ဒေသခံပြည်သူ (၅၁၇) ဦးအား ကုသပေးခဲ့ကြောင်း သိရပါသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် လယ်ဝေးမြို့နယ်အတွင်း မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လယ်ဝေးမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများစုပေါင်း၍ ရပ်ကွက်များ၊ ကျေးရွာများအလိုက် မိမိအိမ်ရှေ့လမ်းများ၊ ခြံဝန်းအတွင်းရှိ အမှိုက်များ၊ ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်သရိုက်များရှင်းလင်းရှင်း၊ ဖယ်ရှားခြင်း၊ ရေဝပ်နေရာများမရှိအောင် ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်က မြို့နယ်အတွင်း စိုက်ပျိုးမြေများ အပြည့်အဝစိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ မှန်ကန်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ စိုက်နည်းစနစ်မှန်ကန်ရန်၊ ကြဲပက်စိုက်ပျိုးစနစ်မပြုရန်၊ လက်စွဲကောက်စိုက် Seeder များ၊ ကောက်စိုက်စက်များဖြင့်စိုက်ပျိုးကြရန်၊ မွေးမြူရေးလုပ်ငန်းများတွင် ဒေသအတွင်းစားရေရိက္ခာဖူလုံစေရန်အတွက် တိုးချဲ့မွေးမြူရန်နှင့် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းနေနိုင်ရေး၊ တန်းစဉ်ကူးပြောင်းနိုင်စေရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများသို့ ကျောင်းတက်နိုင်ရေး ကူညီပေးကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက တင်ပြဆွေးနွေးရာ နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဒေသများအတွင်းရှိ ပြည်သူများ၏ သောက်သုံးရေအမြန်ရရှိရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လူမှုကူညီရေးထောက်ပံ့မှုအစီအအစဉ်အရရရှိလာမည့် ငွေကြေးထောက်ပံ့မှု ကျပ်သိန်း (၂၀၀၀)ကို ကွတ်ခိုင်ခမ်းကြိုင်ကုမ္ပဏီလိမိတက်၏ ချိတ်ဆက်လှူဒါန်းမှု၊ နေပြည်တော်ကောင်စီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တူးဖော်ဆောင်ရွက်နေသော စက်ရေတွင်းတူးခြင်းလုပ်ငန်းများကို ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံကျောင်းတိုက် စက်ရေတွင်းတူးဖော်ခြင်း၊ ရွှေကြာပင်ရပ်ကွက် မိခင်နှင့်ကလေးအသင်းပိုင်မူကြိုကျောင်း စက်ရေတွင်းနှင့် ဂါလံ (၂၄၀၀) ဆံ့ Steel Structure ရေစင်လုပ်ငန်းတို့ လှည့်လည်ကြည့်ရှုရာ နေပြည်တော်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးသင်းဦးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထွန်းတို့က ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဝင်က အချိန်မှီရေရရှိရေး၊ ရေကောင်းရေသန့်ရရှိရေးတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့သည်။
ယခုလှူဒါန်းသော အလှူရှင်ကုမ္ပဏီမှ ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံကျောင်းတိုက် စက်ရေတွင်း တစ်တွင်း၊ ရွှေကြာပင်ရပ်ကွက်၊ မိခင်နှင့်ကလေးအသင်းပိုင် မူကြိုကျောင်းအတွက် စက်ရေတွင်းနှင့် ဂါလံ (၂၄၀၀) ဆံ့ Steel Structure တစ်ခုနှင့် တပ်ကုန်းမြို့နယ်၊ ညောင်ကုန်းရွာအတွက် သောက်သုံးရေရရှိရေး အဝီစိတွင်းတစ်တွင်း စုစုပေါင်းသုံးနေရာ လှူဒါန်းကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)