မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများ ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုအားပေး

ချမ်းအေးသာစံ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၌ ဇူလိုင်(၂၆)ရက်နေ့နံနက်ပိုင်းက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့မည့်ပစ္စည်းများအား ပြင်ဆင်ထုပ်ပိုးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။

ထိုသို့ လိုက်လံကြည့်ရှုစဉ် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများကို နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ထောက်ပံ့ပေးပို့ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများက စေတနာ၊ မေတ္တာ၊ ဂရုဏာအပြည့်ဖြင့် ကိုယ်တိုင်ကြော်လှော်ကာ စနစ်တကျသေသပ်စွာ ထုပ်ပိုးပြင်ဆင်၍ တက်ညီလက်ညီ စိတ်အားထက်သန်စွာ ဝိုင်းဝန်းဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက် နေသူများကို လိုက်လံကြည့်ရှု အားပေးခဲ့သည်။

၎င်းနောက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ဂုဏ်ပြုပေးအပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဧည့်ခန်းမ၌ တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်က လက်ခံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊ ဂုဏ်ပြုချီးမြှင့်သည့် စားသောက်ဖွယ်ရာများတွင် အသင့်စားခေါက်ဆွဲထုပ်၊ လက်ဖက်ထုပ်၊ ကော်ဖီမစ်ထုပ်၊ ဆေးပေါ့လိပ်၊ မြေပဲကြော်ထုပ်၊ နှစ်ပြန်ပဲကြော်ထုပ်၊ ငါးနီတူကြော်ထုပ်၊ ငါးပိထောင်းဘူး၊  Royal-D ဓာတ်ဆားထုပ်၊ စုစုပေါင်း ကျပ် သိန်း(၄၀၀) ကျော်တန်ဖိုးရှိ အစားအသောက် ၉ မျိုးအပြင် စိတ်ဓာတ်ခွန်အား နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ တရားသောစစ်အောင်မြင်ပါစေ စသည့် ဆုတောင်းမေတ္တာစာလွှာများကို လည်းရေးသားထည့်သွင်းပေးပို့ကြကြောင်းနှင့်အဆိုပါစားသောက်ဖွယ်ရာများကို ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်