၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် စိစစ်ရွေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၆

၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဂုဏ်အင်္ဂါအရည်အချင်းနှင့် လျော်ညီပြီး ပူဇော်ချီးမြှင့်ထိုက်သည့် ရဟန်း၊ သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား စိစစ်ရေးချယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၅)ရက်နေ့မွန်းလွဲပိုင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့် အပ်နှင်းထိုက်သည့် ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့ကို  စိစစ်ရွေးချယ်ရာတွင် ဖွဲ့စည်းထားသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် စိစစ်ရေးအဖွဲ့အနေဖြင့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များ ပြဌာန်းခြင်းပါ ဂုဏ်အင်္ဂါအရည်အချင်းသတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ရွေးချယ်ရန်နှင့် မှန်မှန်ကန်ကန် ရွေးချယ်ဆက်ကပ်နိုင်ရေးအတွက် အထူးဂရုပြု အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းမှ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် စိစစ်ရွေးချယ်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ စိစစ်ရွေးချယ်ရေးနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်