ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့် စုပေါင်းဆောင်ရွက်နိုင်ရေးသင်တန်းပို့ချ

ဒဂုံတောင် ဇူလိုင် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့နယ်ဆေးရုံ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၄) ရက်နေ့ မွန်းလွဲ ၂ နာရီက ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်  ဒေါက်တာထွန်းမင်း၏ လမ်းညွှန်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ကူးစက်မှုလျော့ချနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ယုနန္ဒာအောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သုဝေနှင့် မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်လင်းတို့က မြို့နယ်အတွင်းရှိ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (ဆေးရုံများ၊ ဆေးခန်းများ) မှ Volunteer (စေတနာ့ဝန်ထမ်း) များအား သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ၊ ကူးစက်ပုံ၊ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ ရောဂါစောင့်ကြည့် အစီရင်ခံမှုစနစ်နှင့် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းစဉ်များကို လက်တွေ့အသုံးချနိုင်ရန် စနစ်တကျ ပို့ချသင်ကြားပေးကြပြီး တက်ရောက်လာသူများအား လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပေးခဲ့ပြီး မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုလျော့ချနိုင်ရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

နေမျိုးအောင်