ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ ဆီဘောက်ဆာကားတိမ်းမှောက်

ရမည်းသင်း ဒီဇင်ဘာ ၁၇

ရမည်းသင်းမြို့နယ်၊ လက်ဆည်ကန်ကျေးရွာအနီး ရွာတန်း-ရွှေမြင်တင်လမ်းဆုံ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ ယနေ့နံနက် ၉ နာရီခန့်က ဆီဘောက်ဆာယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ 95 ဓာတ်ဆီ တင်ဆောင် မောင်းနှင်လာသည့် MR---- ဂါလံ (၈၀၀၀) ဆံ့ ဆီဘောက်ဆာ ယာဉ်မှာ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်၌ မောင်းနှင်လာစဉ် အရှေ့မှအနောက်သို့ မောင်းနှင် လာသောဆိုင်ကယ်အား တိမ်းရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ ညာဘက်သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ ယာဉ်ပေါ်ပါရှိသည့် ဓါတ်ဆီများကားလမ်းပေါ်သို့ ယိုဖိတ်ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ကိုသီဟနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်သည့်နေရာသို့ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့ဖြင့် ကယ်ဆယ်ရေးရောက်ရှိနေပြီး မီးလောင်မှုမဖြစ်ပွားစေရေး မီးသတ်ယာဉ်များဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်