အင်းစိန် ဇူလိုင် ၂၆
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့က အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပိုစတာများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ ပြည်သူလူထုအကြားတွင် ပိုမိုနိုးကြား သိမြင်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ကို “ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထု အသိပညာမြှင့်တင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကို တိုက်ဖျက်ရာတွင် ဒီရေတောများသည် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်သည့် တံတိုင်းကြီးများ ဖြစ်သကဲ့သို့ ကာဗွန်စုပ်ယူသိုလှောင်ပေးထားသည့် ကာဗွန်သိုလှောင်ကန်ကြီးများလည်း ဖြစ်ပါကြောင်းနှင့် ဒီရေတောများ ထိန်းသိမ်းခြင်း၊ ဒီရေတောဂေဟစနစ်များ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများသည် ဒီရေတောများ သားစဉ်မြေးဆက်ထိန်းသိမ်း အသုံးပြုနိုင်ရေးတွင် လွန်စွာ အရေးပါသည့်အတွက် ဒီရေတောဂေဟစနစ်များ ဖွံ့ဖြိုးရေးကို အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် စသည်တို့ကို ပြောကြားခဲ့သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဗီဒီယိုအားပြသပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)