သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာ‌မောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား

သထုံ ဇူလိုင် ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က  ရုတ်တရက်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအလယ်တန်းကျောင်းခွရှိစာသင်ဆောင် (၄)ဆောင်နှင့် ကျေးရွာအတွင်းရှိလူနေအိမ်(၇၇)လုံး အမိုးများလန်ခြင်း ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦးနေအိမ်ပြိုကျပိမိသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အောင်ကန်သာကျေးရွာ၊ အလက(ခွဲ)ကျောင်းရှိ အလျား (၉၀)ပေ၊ အနံ(၃၀)ပေ အုပ်ကာသွပ်မိုးစာသင်ဆောင်(၁)ဆောင်၊ အလျား(၆၀)ပေ၊ အနံ(၃၀)ပေရှိ အုပ်ကာသွပ်မိုးစာသင်ဆောင်(၂)ဆောင်၊ ပျဉ်ကာသွပ်မိုးစာသင်ဆောင်(၁)ဆောင်တို့၏ အမိုး၊ မျက်နှာကျက်နှင့် တံခါးများလွင့်စင်ပျက်စီးခဲ့ပြီး ဝန်ထမ်းအိမ်ယာများပြိုကျပျက်စီးခဲ့ကြောင်း၊ ကျေးရွာအတွင်းရှိလူနေအိမ်(၇၇)လုံးမှာ အမိုးလန်ခြင်း၊ ယိုင်ခြင်း၊ ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုး၏ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာနေပြည်သူများပူးပေါင်းကာ အချိန်နှင့်တစ်ပြေးညီ ပြိုကျပျက်စီးမှုများဖယ်ရှားရှင်းလင်းခြင်း၊ ထိခိုက်မှုများစစ်ဆေးခြင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဖြစ်စဥ်တွင် ကျေးရွာအလယ်တန်းကျောင်းခွဲရှိစာသင်ဆောင် (၄)ဆောင်နှင့် ကျေးရွာအတွင်းရှိ လူနေအိမ်(၇၇)လုံးထိခိုက်ပျက်စီးပြီး အောင်ကန်သာကျေးရွာနေ အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးနေအိမ်ပိကာလည်ဂုတ်နှင့် ဝမ်းဗိုက်တွင်နေအိမ်သစ်သားစချွန် စိုက်ဝင်ဖောက်ထွက်၍သေဆုံးခဲ့‌ကြောင်း အသက်(၂၀)ခန့် အမျိုးသမီးတစ်ဦး လည်ဂုတ်နာကျင်၊ ယာခါး နာကျင်၊ ဝဲဒူးခေါင်းနာကျင်ဒဏ်ရာများရရှိခဲ့၍ သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)