ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd  CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့(City Of Charm)အဖြစ် ပါဝင်ပြသရာတွင် ရိုးရာမပျက် ဂုဏ်ယူဖွယ်ရာပြသနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၂၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (22nd CACXPO) တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ (City of Charm) အဖြစ် ဂုဏ်ယူစွာပါဝင်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက နှစ်လိုဖွယ်မြို့အဖြစ် ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ်အတွက် မြစ်ကြီးနားမြို့အား ပြသရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်ယူရမည်ဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း ရိုးရာမူမပျက် အဆင့်အတန်းပြည့်မီစွာဖြင့် ဂုဏ်ယူစရာဖြစ်အောင် ပါဝင်ပြသနိုင်ရေး MSME လုပ်ငန်းရှင်များအနေဖြင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့မှုအခြေအနေများအပေါ် ကချင်ပြည်နယ်မှ ပါဝင်ပြသရာတွင် အထူးသတိထားလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ဆက်သွယ်ဆောင်ရွက်သွားရမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက နှစ်လိုဖွယ်ရာမြို့ပြခန်းဆောင်နှင့် ကုန်စည်ပြခန်းများ ပြသသွားရမည့် အစီအစဉ်များ၊ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ကြရမည့် အစီအစဉ်များနှင့် သတိထားလိုက်နာရမည့်ကိစ္စရပ်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင်အတွက် ပါဝင်မည့် အစီအစဉ်များ၊ ကုန်စည်ပြပွဲအတွက် ပြသသွားရမည့် အစီအမံများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသတွင်း MSME လုပ်ငန်းရှင်များက ပြပွဲနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် ကုန်စည်ပြပွဲအစီအစဉ်အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို သုံးသပ်ဖြည့်စွက်ရှင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ယူဖွယ်ရာဖြစ်အောင် ခမ်းခမ်းနားနားဖြင့် အဆင့်အတန်းပြည့်မီအောင် ပြသနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လိုအပ်ချက်/လစ်ဟာမှုများမရှိစေရေး၊ ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး နှစ်အလိုက် နှစ်လိုဖွယ်ရာမြို့များအဖြစ် ပါဝင်မိတ်ဆက်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပိုမိုနီးကပ်သော တရုတ်-အာဆီယံအသိုက်အဝန်းအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အနာဂတ်ကို ပုံဖော်နိုင်မည့် အခွင့်အလမ်းအသစ်များ ဖော်ဆောင်ရန်အတွက် မြစ်ကြီးနားမြို့အနေဖြင့် နှစ်လိုဖွယ်မြို့အဖြစ် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)