သထုံ ဇူလိုင် ၂၆
ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်အတွေးအခေါ်များနှင့်သင်ခန်းစာများကို လက်တွေ့အသုံးချအကောင်အထည်ဖော်ဆောင်ရွက်ထားသည့် UCSTT Project Show 2025 ပြပွဲအခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးအောင်က ယနေ့ခေတ်သည် ICT ခေတ်ဖြစ်သည်နှင့်အညီ နိုင်ငံတော်အစိုးရအနေဖြင့် Digital Economy & Digital Government ဖော်ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ပြုလုပ်သည့် Project Show ပြပွဲမှဒေသအကျိုးပြု၊ နိုင်ငံ့အကျိုးပြု Project များပေါ်ထွက်လာခြင်း၊ ဆန်းသစ်တီထွင်မှုနှင့်စွန့်ဦးတီထွင်မှုဆိုင်ရာအတွေးအခေါ်များရရှိခြင်း၊ သင်ခန်း စာများကိုလက်တွေ့အသုံးချအကောင်အထည်ဖော်နိုင်ခြင်း၊ လုပ်ငန်းခွင်အကြိုအတွေ့အကြုံများရရှိနိုင်ခြင်း၊ IT Industry များတွင် အလုပ်အကိုင်၊ အခွင့် အလမ်းများရရှိရန်ကြိုတင် ပြင်ဆင်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ICT ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီသင်ကြားပေးကြသော ဆရာ၊ ဆရာမများကို ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(သထုံ)ပါမောက္ခချုပ် ဒေါက်တာနီလာသိန်းက ယနေ့ပြုလုပ်သည့် Project Show သည် ကျောင်းသား၊ ကျောင်းသူများ အတွေ့အကြုံရှာဖွေရန်၊ ဖန်တီးမှုများမျှဝေရန်နှင့် အောင်မြင်မှုအတွက်အခွင့်အလမ်းများဖန်တီးနိုင်ရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နှစ်စဉ် IT နည်းပညာများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် IT Project Show ပြပွဲများကိုကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့ Project Show တွင် IT, IoT, AI, Security စသည့် ဒီဂျစ်တယ်နည်းပညာများအသုံးပြုထားသည့် Project များကိုပြသနိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းရည် မြင့်မားလာရုံသာမကနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးလုပ်ငန်း၌ အထောက်အကူဖြစ်နိုင်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(သထုံ)ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ဖျော်ဖြေကြပြီး ကွန်ပျူတာတက္ကသိုလ်(သထုံ) ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က Project Show 2025 ကျင်းပနိုင်ရေး ကူညီထောက်ပံ့ကြသူတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ မေဂျာအလိုက်သင်တန်းနှစ်အလိုက်ကျောင်းသား ကျောင်းသူများ၏ Project Show ပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ Project Show 2025 တွင် ကွန်ပျူတာသိပ္ပံဘာသာရပ် ကျောင်းသား၊ ကျောင်းသူများက မွန်ဘာသာသင်ကြားသည့် Online Learning System များ၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ChatBot ၊ လစာပေးစနစ်၊ တည်ဆောက်ရေးလုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း စသည်တို့အတွက်ရေးသားထားသည့် Project (၁၇)ခု၊ ကွန်ပျူတာနည်းပညာ ကျောင်းသား၊ ကျောင်းသူများ IoT နည်းပညာနှင့် Microcontroller ကိုအသုံးပြုပြသထားသည့် Project (၇)ခု စုစုပေါင်း Project (၂၄)ခုတို့ ပြသခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)