ရန်ကုန် ဇူလိုင် ၂၅
သန်လျင်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ အချိန်မီထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သန်လျင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့ ပူးပေါင်းကျင်းပသော "သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးဆိုင်ရာ" ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်သူ့ဆေးရုံကြီးသန်လျင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များမှ ပုဂ္ဂလိကဆေးရုံ၊ အထူးကုဆေးခန်းတို့မှ တာဝန်ခံဆရာဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် သန်လျင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဉာဏ်ထွန်းဦးက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ပြည်သူ့ဆေးရုံးကြီး(သန်လျင်)မှကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်လှဝင်းက သွေးလွန်တုပ်ကွေးရောဂါကုသရေးဆိုင်ရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပြီး ဆေးရုံအုပ်ကြီးဒေါက်တာ ချောနန္ဒီက သွေးလွန်တုပ်ကွေးရောဂါလူနာများကို သတင်းပို့ခြင်းသည် ကာကွယ်ရေးလုပ်ငန်းများအတွက် အကျိုးပြုပါကြောင်း လိုအပ်သည့်အခါ အချိန်မရွေး သန်လျင်ပြည်သူ့ဆေးရုံးကြီးသို့ လူနာများလွှဲပြောင်းကုသနိုင်ပါကြောင်းနှင့် ဆေးရုံးကြီးတွင်လည်း ကုသရေးဆိုင်ရာများပြင်ဆင်ထားရှိပါကြောင်း ရှင်းလင်းဆွေးနွေးပြီ တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ခရိုင်၊ ပြန်/ဆက်)