ကျောက်တန်း ဇူလိုင် ၂၆
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက ချမ်းမြေ့သာယာ၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။
အဆိုပါဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိတိုးပွားစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရှိစေရန်နှင့် ကောင်းမွန်သော စာပေများကို ဖတ်ရှုနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာပေများကို (အခမဲ့)လာရောက်ငှားရမ်းဖတ်ရှုခြင်းအားဖြင့် စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ရရှိစေသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ကဗျာရွတ်ဆိုပြိုင်ခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)