မုဒုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

မုဒုံ ဇူလိုင် ၂၆

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အ.ထ.က ()ရှိ ရှင်အရဟံခန်းမ၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်၊ တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးစောကြည်နိုင်က လာမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးအသုံးပြုမည့် မြန်မာနိုင်ငံထုတ် မြန်မာနိုင်ငံသားတွေ ကိုယ်တိုင်တီထွင်ထားသည့် မဲပေးစက်ဖြစ်ပါကြောင်း၊ အဆိုပါ မဲပေးစက်ကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်အဆင့်ဆင့် အားနည်းချက်များ ပြုပြင်တီထွင်ခဲ့ပြီး အကြိမ်လိုက်မှာ ထောင်ချီသည့် စမ်းသပ်မှုများကို ပြုလုပ်ခဲ့ပါကြောင်း၊ မဲပေးစက်ကို အသုံးပြုခြင်းဖြင့် ပယ်မဲမရှိခြင်း၊ မဲပေးရလွယ်ကူခြင်း၊ မဲရလဒ်များ မြန်မြန်ဆန်ဆန်သိရှိနိုင်ခြင်း စသည့် အကျိုးရလဒ်များစွာကို ရရှိမည်ဖြစ်ကြောင်းနှင့်  နည်းပညာများ တိုးတက်လာသော ခေတ်နှင့်အညီ   မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများတွင်လည်း အကျိုးကျေးဇူးများသည့် အီလက်ထရောနစ်မဲပေးစက်များဖြင့် လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးမားသည့် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲအရာရှိက မဲပေးစက်အသုံးပြုခြင်းနှင့်စပ်လျဥ်း၍ အကြောင်းအရာများ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)