သံဖြူဇရပ် ဇူလိုင် ၂၅
မွန်ပြည်နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သံဖြူဇရပ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့်သရုပ်ပြသခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက အ-ထ-က(ကျုံကဒတ်)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးသူရဦးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ထွေးတို့က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ရခြင်းအကြောင်းရင်းများ၊ သဘာဝဘေးအန္တရာယ်အမျိုးအစားများ၊ မိုးရာသီကာလတွင် အများဆုံးဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်သတိပြုကာကွယ် လိုက်နာရမည့်အချက်များ၊ အလားတူ ငလျင်ဘေးအန္တရာယ်ပြင်းအားများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားတတ်၍ ကြိုတင်သတိပြုလိုက်နာရမည့်အချက်များ၊ ငလျင်ဘေးအန္တရာယ်နှင့် ကြုံတွေ့ရပါက ရှောင်ရန်/ဆောင်ရန်အချက်များ၊ ငလျင်လှုပ်ခတ်နေစဥ် ကာလ/ ငလျင်လှုပ်ပြီးနောက်ပိုင်း ဆောင်ရွက်ရမည့်အချက်များ၊ အရေးပေါ်လိုအပ်မည့်ပစ္စည်းများနှင့် ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်ကြရေးတို့ကို ရှင်းလင်းဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်ဗီနိုင်းပိုစတာပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)