ရန်ကုန် ဇူလိုင် ၂၅
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် စာတွေ့၊ လက်တွေ့ပေါင်းစပ်လေ့လာနိုင်ရန်၊ တရားခွင်တွင် အမှုစစ်ဆေးစီရင်မှုများကို မျက်မြင်လေ့လာနိုင်စေရန်နှင့် ဥပဒေပညာသင်ကြားရခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေပြီး ဘာသာရပ်အပေါ် ထိထိမိမိ လေ့လာသင်ယူလိုစိတ်များ တိုးပွားလာစေရန်ရည်ရွယ်၍ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာ/ဆရာမများ ကြီးကြပ်လျက် စတုတ္ထနှစ်/ပဉ္စမနှစ် ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း(၆၆)ဦးသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက လာရောက်လေ့လာခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများသည် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် အမှုစစ်ဆေးနေမှုများ လက်တွေ့လေ့လာကြပြီးနောက် အပေါ်ထပ် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးတို့က ကြိုဆိုနှုတ်ခွန်းဆက်ပြီး ဒုတိယညွှန်ကြားရေးမှူးများက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အကြောင်း သိကောင်းစရာနှင့် တရားရုံးက ဦးဆောင်သော စေ့စပ်ဖြေရှင်းရေးစနစ်အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြင့် (ပြန်/ဆက်)