ဗိုလ်တထောင် ဇူလိုင် ၂၅
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာ၊ မီးပြဝန်းများတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ နေအိမ်ခေါင်မိုးများ လွင့်စင်ခြင်း၊ နေအိမ်လိုင်းခန်း (၅) ခန်းခန့် သစ်ပင်ပိခြင်း ဖြစ်ပွားခဲ့ရာ အိမ်များ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဒလမြို့နယ်ရှိ သမ္မတကမ်းခြေသမ္ဗာန်ဆိပ်မှ ဗိုလ်တထောင်ဆိပ်ကမ်းသို့ စက်သမ္ဗာန်အမှတ်(၂/၂၅)အား သမ္ဗာန်မောင်းဦးမြင့်ဆွေ(ခ)ဌေးဝင်းမှ ခရီးသည်မမြတ်ပန်းချစ် (၂၅)နှစ် (ဘ) ဦးသန်းစိုး၊ ၁၂/ဒလန (နိုင်) ၁၁၁၉၂၃၊ ဟိန္ဓူ/ဗုဒ္ဓ၊ စာရေးဝန်ထမ်း၊ အမှတ်(၂၃၂ )၊ စံပြ(၄)လမ်း၊ သမ္မတကမ်းခြေကောက်ကွက်၊ (၈) ရပ်ကွက်၊ ဒလမြို့နယ်နေသူပါ (၁၀)ဦးတင်ဆောင်၍ ထွက်ခွာလာစဉ် ရန်ကုန်မြစ်အလယ်အရောက်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်ခဲ့ရာမှ စက်သမ္ဗာန်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် သမ္ဗာန်မောင်းဦးမြင့်ဆွေနှင့် ခရီးသည်(၁၀)ဦးအနက်၊ သမ္ဗာန်မောင်းဦးမြင့်ဆွေနှင့် ခရီးသည်ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်း(၃)ဦး ပျောက်ဆုံးလျက်ရှိကြောင်း ကနဦးသတင်းရရှိပါသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်တထောင်မြို့နယ်အတွင်း ရုတ်တရက်လေပြင်းတိုက်ခတ်ရာ နေရာများသို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက်အထွေထွေမန်နေဂျာ ဦးရဲသူအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် မြို့နယ်စည်ပင်ဝန်ထမ်းများ၊ စည်ပင်ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညီညီနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရေကြောင်းရဲတပ်ဖွဲ့ ဒုရဲမှူးနန္ဒပါ ၅ ဦးတို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)