လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂၅

လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်၊ ၁၂ ရပ်ကွက်၊ သရက်တောကျောင်းတိုက်ဝန်းအတွင်းရှိ ဘုန်းကြီးကျောင်း (၆၆) ကျောင်းအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်မှုလုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာသက်စုမွန်၊ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှူး ဒေါက်တာအေးသီတာဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်နှင့်ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပုဂ္ဂလိကဆေးရုံမှဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်