အင်းစိန် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဇူလိုင် ၂၃ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ သပြေဆောင်၌ ကျင်းပခဲ့သည်။
ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး၊ လူအချင်းချင်းဆက်ဆံရာတွင် လိုအပ်သော စည်းမျဉ်းကျင့်ဝတ်များဖြစ်သည့် ကိုယ်ယဉ်ကျေးမှု၊ နှုတ်ယဉ်ကျေးမှု၊ စိတ်ယဉ်ကျေးမှုများ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး စာရေးဆရာ ဝင်းနွယ်(ပုသိမ်)က စာပေမြင့်မှ လူမျိုးတင့်မည်ခေါင်းစဉ်ဖြင့် စာပေ၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ရိုးရာချစ်စဖွယ်ပုံပြင်များစာအုပ်ကို ဖတ်ကြားစေပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲ စကားပုံဆက်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)