လှည်းကူး ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ အသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များတိုးပွားစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်အတွက် လူငယ်စကားဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(မြို့မ)မှ အထက်တန်းပြဆရာမ ဒေါ်ဌေးဌေးစိန်တို့က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က(မြို့မ) Grade 11 ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်အဂတိ၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်စာရိတ္တစသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာလင်းက မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်အကြောင်းကို အသိပညာပေးဟောပြောပြီး အ.ထ.က(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဋ္ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် စကားပုံဆက်ပြိုင်ပွဲဆောက်ရွက်ခြင်း၊ သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
အေးအေးနွဲ့