ပုဗ္ဗသီရိ ဇူလိုင် ၂၅
ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးကြောင့် အဆောက်အဦ လမ်းတံတားများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပါကြောင်း၊ နိုင်ငံတော်မှ ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမှ အလှူရှင်များ အပါအဝင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများကိုလည်း ပုံမှန်လည်ပတ်မှုရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပါက ကာကွယ်နိုင်ရေးနှင့် ရှာဖွေကူညီနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခြင်းနှင့် ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် သဘာဝဘေးကြိုတင်အသိပေးမှုများ၊ မိုးလေဝသသတင်းများကိုလည်း စဉ်ဆက်မပြတ် ကြည့်ရှုလေ့လာရန် လိုအပ်ပါကြောင်း၊ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများကို နိုင်ငံတော်မှ ထောက်ပံ့ပေးလျက်ရှိရာ ယခုအခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်မှ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် ၉၂၈ လုံးအတွက် တစ်အိမ်လျှင် ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၆၄ သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ တစ်လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၁၃၂၂၅ နှုန်းဖြင့် လူဦးရေ ၆၁၄၄ ဦးအတွက် ငွေကျပ် ၈၁၂ သိန်းကျော်အား ပေးအပ်ရာ ဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)