ဘိုကလေးမြို့နယ်တွင်း၌ ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများဆယ်ယူရှင်းလင်း

ဘိုကလေး ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေး၊ မြို့တွင်း၌ ရေဆိုးရေညစ်များ ကိန်းဝပ်နေပြီး ခြင်ပေါက်ဖွားမှုမရှိစေရေး၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၄ ရက် ညနေ ၃ နာရီ အချိန်၌ ဘိုကလေး-ဖျာပုံကားလမ်းဖြစ်သည့် အမှတ်(၁၈)လမ်းမကြီးနှင့် ၎င်း ပတ်ဝန်းကျင် အမှတ်(၇)ရပ်ကွက် (၁၉) လမ်း၊ (၂၀)လမ်း၊ (၂၁)လမ်း တို့တွင် ရေမြောင်းတူးဖော်ခြင်း၊ မြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်က ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရေမြောင်းအတွင်းမှ အမှိုက်သရိုက်များဆယ်ယူခြင်း၊ ပိတ်ဆို့နေသည်များအား တူးဖော်ရှင်းလင်းခြင်း၊ လုပ်ငန်းဆောင်ရွက်သည့်ရေမြောင်းများ ပတ်ဝန်းကျင်မှ လူနေအိမ်များ၊ ဈေးဆိုင်ပိုင်ရှင်များအား ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည်များ၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့် အချက်များအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရသည်။         

မိုးစက် (ဘိုကလေး)