ရန်ကုန် ဇူလိုင် ၂၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၉ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သန်လျင်မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်က အမှာစကားပြောကြားသည်။ ဆက်လက်၍ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်အား ပြန်ကြးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုကပြောကြားရာတွင် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်စေရေး၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွား၍ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သည့် လူငယ်များဖြစ်စေရေး၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်များဖြစ်ပေါ်စေရေးအတွက် ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဆောင်ရွက်ပြီး လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade – 10 မှ မောင်မြင့်မြတ်မောင်၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် Grade - 10 မှမောင်မင်းခန့်လွင် လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Grade – 10 မှ မောင်မင်းသုမွန်၊ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်ဖြင့်Grade – 10 မှ မကြယ်စင်လင်းလက်၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Grade - 10မှ မရွှေရည်လင်းထက်တို့က အပြန်အလှန်ဆွေးနွေးကြသည်။ ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများနှင့်အတူ ကာယပြိုင်ပွဲများဖြစ်သည့် စုပေါင်းဆောင်ရွက်မှုလိုရာပန်းတိုင်ကို ရောက်ရှိနိုင်သည့် စုပေါင်းဂိမ်းများ၊ တစ်ဦးချင်းစီပြိုင်ပွဲတွင် လျင်မြန်သွက်လက်မှုကို ဖြစ်စေမည့် ပြိုင်ပွဲများကျင်းပခဲ့သည်။ ထို့နောက် ဆုရရှိသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမို၊ မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူသောင်းတို့က ဂုဏ်ပြုဆုများ ပေးအပ်ကြသည်။
ယနေ့အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၈၂၀) ဦး တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓာတ်ပုံ၊နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)