ရွှေပြည်သာ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ၊ ဈေးဆိုင်များ သန့်(၄)သန့်နှင့် ညီညွတ်မှုရှိစေရန် စစ်ဆေးခြင်းတို့ကို ဇူလိုင်(၂၂)ရက် မွန်းလွဲပိုင်းက အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်း ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်များတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)