သုံးခွ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် သန်လျင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား/သေဆုံးမှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ခံဆရာဝန် ဒေါက်တာ မင်းသူအောင် (ညောင်လန်းကုန်းတိုက်နယ်ဆေးရုံး) က သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ သွေးလွန်တုပ်ကွေးရောဂါ လက်ရှိဖြစ်ပွားနေမှုအခြေအနေ၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအကြောင်းအရာများကို ပရိုဂျတ်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးသန္တာထွန်းက သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများအကြောင်းကို ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများအား သွေးလွန်တုပ်ကွေးရာဂါကြိုတင်ကာကွယ်နိုင်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ စုစုပေါင်းအင်အား (၁၈၀) ဦးခန့် တက်ရောက်ခဲ့ ကြသည်။
စည်သူလင်း (ပြန်/ဆက်)