ခရမ်း ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာအောင်သင်း၏ “လူငယ်များသို့ မင်္ဂလာပါ”စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး၊ Book Club အဖွဲ့ဝင် မောင်အောင်ခန့်လင်းက စာရေးဆရာအောင်သင်း၏ “လူငယ်များသို့မင်္ဂလာပါ” စာအုပ်တွင် လူငယ်များအနေဖြင့် ဘ၀အောင်မြင်ရေးရရှိစေရန် အရာရာကို အကျိုးအကြောင်းမှန်သမျှ တွေးခေါ်စဉ်းစားဆုံးဖြတ်သင့်ကြောင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင်လည်း လူမိုက်များကို ရှောင်ကြဉ်၍ ပညာရှိသူတော်ကောင်းများနှင့်သာ ပေါင်းသင်းဆက်ဆံသင့်ကြောင်း၊ လူကြီးမိဘ၊ ဆရာသမားများ၏ ဆုံးမဩ၀ါဒများကို နာခံလိုက်နာသင့်ကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Youth Club အဖွဲ့ဝင် မောင်သူရကိုက ယနေ့လူငယ် နောင်၀ယ်လူကြီးဆိုသည့်စကားအတိုင်း လူငယ်များသည် အနာဂတ်တွင် တောက်ပလာမည့် လူငယ်များဖြစ်သည့်အတွက် ငယ်စဥ်ကတည်းကပင် ပညာကိုကြိုးစားသင်ယူသင့်ကြောင်း၊ သူတစ်ပါးအပေါ်တွင် စိတ်ကောင်းစေတနာထားရှိကာ ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်သင့်ကြောင်း၊ ရိုသေထိုက်သူကိုရိုသေခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ အရာရာတွင် ရောင့်ရဲတင်းတိမ်နိုင်ပြီး ကျေးဇူးသိတတ်သူများဖြစ်အောင် ကြိုးစားသင့်ကြောင်းနှင့် နေ့စဉ်ဘ၀တွင် (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ ကျင့်ကြံနေထိုင်သင့်ကြောင်း ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)